သတင်း - ပြည်တွင်း
SE-ME-WE 3 အင်တာနက်ဆက်ကြောင်း ရေအောက်ကေဘယ်ကြိုး ချို့ ယွင်းနေမှုကို ပြုပြင်၍ ပြီးစီးပြီးဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးက မကြာခင်ကပြောကြားခဲ့ပါသည်။
“လောလောဆယ် ကျွန်တော်တို့နိုင်ငံအပိုင်းမှာ ပျက်တဲ့ SE-ME-WE 3 ရေအောက် ကေဘယ်လ်ကြိုး ကိုတော့ ပြင်ပြီးသွားပေမယ့် စင်ကာပူဘက်မှာ ပျက်နေတဲ့အပိုင်း ရှိသေးတဲ့အတွက် အဲဒီ အပိုင်းပြင်ပြီးမှပဲ ကွန်နက်ရှင်တွေ ပုံမှန်အတိုင်း ပြန်ဖြစ်မှာပါ။ အခုကတော့ ကွန်နက်ရှင်တွေ နှေးနေဦးမှာပါ။ အချိန်ကာလ အတိအကျတော့ မပြောနိုင်သေးပါဘူး။ အင်တာနက် ကွန်နက်ရှင်တွေ ဒီထက်ပိုကောင်းအောင် စီစဉ်သွားဖို့ ပရောဂျက် အသစ်တွေလည်း လုပ်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာပြည်အတွင်းသို့ ချိတ်ဆက်ထားသည့် ဖျာပုံ ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်အချိန်မှ စတင်၍ ရေအောက် အင်တာနက် ဆက်ကြောင်း ချွတ်ယွင်းမှုကြောင့် ဆက်သွယ်မှု ပြတ်တောက် ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရတနာပုံ တယ်လီပို့၏ ထုတ်ပြန်ကြေငြာချက်များ အရ သိရပြီး ထိုသို့ အင်တာနက် ကွန်နက်ရှင်နှေးကွေးမှုမှာ လနှင့်ချီ၍ ကြာမြင့်ခဲ့သည်။