သတင်း - ပြည်တွင်း
ထိုင်းရာမာန် မွန်အမျိုးသားများ ယခုနှစ်တွင် ကျရောက်သည့် (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို သတ်မှတ်ရက်ထက် (၁၁) ရက် နောက်ကျပြီး ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တနင်္ဂနွေနေ့တွင် ပရထွမ်ဌာနီ ခရိုင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်မှု ကော်မတီ အဖွဲ့ဝင်၊ မရထွမ်ဌာနီခရိုင် ထိုင်းမွန်အစည်းအရုံး အတွင်းရေးမှူး နိုင်ဖိုင်းလာတ်က ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ သတ်မှတ်ရက်ထက် နောက်ကျမှ လုပ်တဲ့ သဘောထား ကတော့ သတ်မှတ်ရက်ကို နေရာအသီးသီးမှာ အခမ်းအနား ကျင်းပ ကြတယ်လေ။ ကျွန်တော်တို့ ထိုင်းမွန်တွေ ကိုယ်တိုင် ပြီးခဲ့တဲ့ (၈) ရက်နေ့တုန်းက ထိုင်းမြန်မာ နယ်စပ်မှာလုပ်တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကို အယောက် (၁၀၀) ကျော် သွားတက်ရောက် အားပေးခဲ့တယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက မွန်ပြည်မှာ လုပ်တဲ့ မွန်အမျိုးသား နေ့ကို သတ်မှတ်ရက် အတိအကျ ကျင်းပတာ ကောင်းမှာဖြစ်ပြီး ကျွန်တော်တို့ ထိုင်းရာမာန် မွန်အမျိုးသားများ အနေနဲ့ ကတော့ အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနဲ့ ဆုံအောင် ချိန်ပြီး လုပ်ကြပါတယ်” ဟု (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရာ ပရထွမ်ဌာနနီ ခရိုင်မှ တယ်လီဖုန်းဖြင့် တိုက်ရိုက် ပြောကြား သွားခဲ့ပါသည်။
ပရထွမ်ဌာနီ မွန်အမျိုးသားနေ့ မှတ်တမ်းဓါတ်ပုံ (ဓါတ်ပုံ - ချမ်းချိုင်မွန်)
ယခုနှစ် ပရထွမ်ဌာနီခရိုင်၌ ထိုင်းရာမန် မွန်အမျိုးသားများမှ ကျင်းပသည့် မွန်အမျိုးသားနေ့ အခမ်းအနားအား ပရထွမ်ဌာနီခရိုင် အုပ်ချုပ်ရေး ဆိုင်ရာ အစိုးရပိုင်း တာဝန်ရှိသူ များမှလည်း ထောက်ခံ အားပေးခဲ့ကြပြီး အခမ်းအနား ကျင်းပရန် အတွက် ရံပုံငွေ ထိုင်းဘတ်ငွေ သိန်း (၂၀) အားလည်း ထောက်ပံ့ ပေးအပ်ခဲ့သည်။ အခမ်းအနားအား တက်ရောက် လာကြသည့် ပုရိသတ်များမှာ အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီ ခန့်မှန်း ထားသည်ထက် ပိုမိုများပြားစွာ တက်ရောက်လာကြပြီး ထိုင်းနိုင်ငံရှိ ထိုင်းရာမာန် မွန်အမျိုးသားများ ပျံ့နှံ့နေထိုင်ရာ ခရိုင်ပေါင်း (၃၀) ကျော်မှ ပုရိသတ်ပေါင်း (၁၀၀၀၀) ခန့် အခမ်းအနား ကျင်းပသည့် နှစ်ရက်၌ တက်ရောက် ခဲ့ကြသည်ဟုလည်း သိရှိရပါသည်။
“ကျွန်တော်တို့ စားပွဲခင်းထားတာ ထိုင်ခုံအရေအတွက် ၂၀၀၀ ကျော်လောက်ပဲ ချထားတယ်၊ တစ်ကယ်မှာတော့ လုံးဝမလောက်ဘူး အဲဒီထက် နောက်တစ်ဆ နီးပါးလောက် ခုံပြန်ချရတယ်၊ ဒါလည်းမလောက်ဘူး။ တစ်နေ့ကို အနည်းဆုံး ပုရိသတ် (၅၀၀၀) ဦးကျော် တက်ရောက် တယ်လို့ ခုံအလုံးရေနဲ့ မလောက်ငှတဲ့ ပုရိသတ် အရေအတွက်နဲ့ တိုင်းထွှာပြီး ကျွန်တော်တို့ တွက်ချက်လို့ရတယ်။ အထူးသဖြင့် ကျွန်တော်တို့ ထိုင်းရာမာန် ဘက်က ရိုးရာ အနုပညာ တီးဝိုင်းတွေရော၊ မွန်ပြည်ဘက်က ရိုးရာအနုပညာ တီးဝိုင်းတွေကိုပါ အထူး ဖိတ်ကြား ထားတာ ရှိတယ်” ဟု နိုင်ဖိုင်းလာတ်က ရှင်းပြပါသည်။
ပရထုမ်ဌာနီ ခရိုင်၌ ထိုင်းရာမာန် မွန်အမျိုးသားများမှ ဦးစီး ကျင်းပသည့် (၆၅) ကြိမ်မြောက် အမျိုးသားနေ့အားလည်း ထိုင်းမြန်မာနယ်စပ် ဝင်းကကျေးရွာမှ မွန်ရိုးရာ ယဉ်ကျေးမှု တီးဝိုင်းနှင့် အကပညာရှင်ပေါင်း (၄၀) ဦးကျော်ခန့် သွားရောက်ကာ မိမိတို့ မြန်မာပြည်မှ မွန်တို့ ဓလေ့ရိုးရာ ယဉ်ကျေးမှု အကအလှ တီးခတ်ဟန်များဖြင့် သွားရောက် ဖျော်ဖြေခဲ့ကြသည်။ အလားတူ ပရထွမ်ဌာနီခရိုင် အပါအဝင် အခြားခရိုင်များမှ ယဉ်ကျေးမှု အဖွဲ့များမှလည်း မိမိတို့ ထိုင်းရာမာန် မွန်အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှ တီးခတ်မှုများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
မွန်အမျိုးသားနေ့ကို စည်ကားစွာ ကျင်းပခဲ့ (ဓါတ်ပုံ - ချမ်းချိုင်မွန်)
ထိုသို့ မြန်မာပြည်တွင်းမှ မွန်တို့၏ ရိုးရာယဉ်ကျေးမှုနှင့် ထိုင်းနိုင်ငံမှ မွန်တို့၏ ရိုးရာ ယဉ်ကျေးမှု ကပုံကဟန် တီးတွက် တီးလုံးများ အနည်းငယ် ကွာခြားမှုရှိကြောင်း ယဉ်ကျေးမှု တက္ကသိုလ်ထွက် ဆရာတစ်ဦးဖြစ်သူ နိုင်ထောပိုင်က “မွန်တွေရဲ့ အခြေခံတီးလုံးဖြစ်တဲ့ နတ်ဒိုး တီးမှုတ်ဟန်တွေကို ပြန်တန်ဆာဆင်ထားတဲ့ တီးခတ်ပုံ တေးသွားတွေကို တွေ့ရပါတယ်။ နောက်တစ်ခုက ရှေးဟောင်း တေးသွား တွေကို ခေတ်ပေါ် တူရိယာတွေနဲ့ ပြန်လည်တီးခတ်ပြီး သီဆိုထားတာ၊ နောက်တစ်ခုက ကျွန်တော်တို့ စကား အချေအတင် ပြောဟန်ကို တီးလုံးတွေ တေးသွားတွေနဲ့ တီးမှုတ် သီဆိုထားတာ တွေကိုလည်း တွေ့ရတယ်ဟု” ရိုးရာ အကနှင့် တီးလုံးတီးကွက် တီးခတ်မှုကို ဝေဖန် ရှင်းပြသွားခဲ့ပါသည်။
မွန်အမျိုးသားနေ့ ပရိသတ်များ စည်ကားပုံ (ဓါတ်ပုံ - ချမ်းချိုင်မွန်)
ထိုင်းရာမာန် မွန်အမျိုးသားများနှင့် ပြည်တွင်းရှိ မွန်တို့၏ ကူးလူးဆက်ဆံရေးသည် မွန်ပြည်သစ်ပါတီ မှတဆင့် မြစ်ဖျားခံကာ စတင်ခဲ့ပြီး မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီး ဆယ်စုနှစ် နှစ်ခုနီးပါးရောက်သည့် ယနေ့ကလာတွင် ကူးလူး ဆက်ဆံမှု ကောင်းမွန် တိုးတက် နေလျက်ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် မွန်အမျိုးသားနေ့ အခမ်းအနားသည် ဆွေမျိုးရင်းချာ ထိုင်းမွန်များနှင့် မြန်မာပြည်တွင်းမှ မွန်လူမျိုးများ တွေ့ဆုံနိုင်ကြစေသည့် ပွဲတစ်ပွဲလည်းဖြစ်၍ ထိုင်းမွန်များနှင့် ထိုင်းမြန်မာနယ်စပ် မွန်ပြည်သစ်ပါတီ ဌာနဝန်းကျင်ဒေသတွင် မွန်အမျိုးသားနေ့ကို နှစ်စဉ် မပျက်မကွက် ကျင်းပလျက် ရှိကြသည်။